မိုင်းဆတ် ဇူလိုင် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် လ္ဘက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပါဆယ်စနစ်(Take Away)ဖြင့်သာ ရောင်းချရန် အသိပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက တာဝန်ရှိသူများ ကွင်းဆင်းအသိပေး ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေသည့်ကာလဖြစ်သည့်အတွက် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းလျက်ရှိသည့် ကျိုင်းတုံ စားသောက်ဆိုင်၊ So Good စားသောက်ဆိုင်၊ သဇင်လ္ဘက်ရည်ဆိုင်၊ စိန်ပန်းပြာစားသောက်ဆိုင်၊ အောင်လ္ဘက်ရည်ဆိုင်၊ မိုင်းဆတ်တောင် တန်းစားသောက်ဆိုင်၊ ပီးပီးစားသောက်ဆိုင်၊ ထူးစားသောက်ဆိုင်၊ ကမ္ဘာ့ဖလားလ္ဘက်ရည်ဆိုင်နှင့် မြို့တွင်း ခေါက်ဆွဲများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီလိုက်နာရန်နှင့် ဇူလိုင် (၁၄) ရက်နေ့မှစတင်၍ ဆိုင်ထိုင်စားသောက်ခြင်းမပြုဘဲ ပါဆယ်စနစ်(Take Away)ဖြင့်သာ ရောင်းချရန် ကွင်းဆင်းအသိပေးခဲ့သည်။
ထိုသို့အသိပေးဆောင်ရွက်ခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်၊ မြို့နယ်စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်သူနှင့် ကျန်းမာရေးဌာနတာဝန်ရှိသူတို့က ကွင်းဆင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မောင်