ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တည်ဆောက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ပင်းတယ ဇူလိုင် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး တည်ဆောက်နေမှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ ၂၀၂၁ခုနှစ် ၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် ROYALEXCEL (တောင်ကြီး) ကုမ္ပဏီလီမိတက်မှ တာဝန်ယူ တည်ဆောက်ခဲ့ပြီး အလျား ၄၈ ပေ၊ အနံ ၃၆ ပေ၊ အမြင့်၁၂ ပေရှိ RC တစ်ထပ်အမျိုးအစားဖြစ်ပြီး နိုင်ငံတော်အစိုးရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၏ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၄၉.၇၅ သန်းဖြင့် တည်ဆောက် ခဲ့ခြင်းဖြစ်သည်။

အဆောက်အဦ တည်ဆောက်ခြင်းပြီးစီးမှုအခြေအနေနှင့် သတ်မှတ်စံချိန် ၊ စံညွှန်း နှင့်အညီ အဆောက်အဦ အရည်အသွေးပြည့်မီခြင်း ရှိ/ မရှိ ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စီစစ်ရေးကော်မတီတာဝန်ရှိသူများမှ ယမန်နေ့က သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ မှ လိုက်လံ ရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။