မိုင်းလုံ ဇူလိုင် ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ် နိုင်ရန် အတွက် ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို နမ့်ပိန်ရပ်ကွက် ဦးအာသာဖာ၏အိမ်ရှေ့ ကျောက်မဲ-မိုင်းလုံ-မိုးကုတ်လမ်းမကြီး တွင် ဆောင်ရွက်ထားရှိသည်။
မိုင်းလုံမြို့အဝင်တွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို ထားရှိပြီး မြို့တွင်းသို့ ဝင်ရောက် လာမည့် ခရီးသည်များအားလုံးကို ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များကိုရေးမှတ်ခြင်း၊ ထွက်ခွာ လာသည့်ဒေသမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထောက်ခံချက်ပါ/မပါ စစ်ဆေးခြင်း၊ Mask များ စနစ်တကျ တပ်ဆင်ပြီးမှ ဝင်စေခြင်း ၊ လက်များကိုစနစ်တကျဆေးစေခြင်းစသည့် ကျန်းမာ ရေးစစ်ဆေးမှု လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ Stay at Home သတ်မှတ်ထားသောမြို့နယ်များမှ လာရောက်သူဖြစ်ပါက Covid-19 ရောဂါကာကွယ်ဆေး (၂)ကြိမ်ထိုးပြီးကြောင်း ကျန်းမာရေးဌာနမှ ထုတ်ပေးထားသော Covid-19 Vaccination Card၊ (၂)ပတ်အတွင်း Covid-19 ရောဂါပိုကင်းရှင်းကြောင်း နှားခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူစစ်ဆေးထားသည့် ကျန်းမာရေးထောက်ခံချက်နှင့် ရပ်ကွက်/ကျေးရွာအတွင်း အမှန်တကယ် နေထိုင်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါ/မပါ စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရ သည်။
ထို့အပြင် Stay at Home သတ်မှတ်ထားသောမြို့နယ်များနှင့် ပြည်ပနိုင်ငံမှ ပြန်လာသူများကို Quarantine Center တွင်ထားရှိသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို နေ့စဉ်မနက်(၆)နာရီမှ ည(၆)နာရီအချိန်ထိ ဖွင့်လှစ်ပြီး ကျန်းမာရေး၀န်ထမ်းများ၊ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့နေပြည်သူများကအလှည့်ကျစနစ်ဖြင့် နေ့စဉ်ပါဝင်ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)