နမ့်စန်(တ) ဇူလိူင် ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက် ပိုင်း မှ ညနေ ၆နာရီအထိ RDT Test kit စစ်ဆေးမှုအရ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး စုစုပေါင်း ၃ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူ အမှတ်(၃)ရပ်ကွက်နေ အမျိုးသမီး ၂ ဦးမှာ ဇူလိုင်လ ၁၁ ရက်နေ့က ပိုးတွေ့ခဲ့သူ ၂ ဦးနှင့် ထိတွေ့မှုရှိ၍ အသွားအလာ ကန့်သတ်ထားသူများဖြစ်ပြီး အမျိုးသားမှာ တာချီလိတ်မြို့နေ တောင်ကြီး-တာချီလိတ် ယာဉ်မောင်း တစ်ဦးဖြစ်ကြောင်းသိရသည်။
မြို့နယ်မှတာဝန်ရှိသူများက အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ ၃ ဦးကို မြို့နယ်ပြည်သူ့ ဆေးရုံရှိ သီးသန့်ဆောင်တွင် ထားရှိကုသပေးလျက်ရှိပြီး ၎င်းတို့နှင့် ထိတွေ့မှုရှိခဲ့သူများကို အသွား အလာ ကန့်သတ်ထားပြီး ၃ ရက်အကြာတွင် RDT Test kit ဖြင့်ဆက်လက်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။
နမ့်စန်မြို့တွင် ဇူလိုင်လ ၁၂ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၄၁ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ ၂ ဦးနှင့် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ပြုသူ ၂ ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)