နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် Quarantine Centre ဆောင်ရွက်မည့် နေရာများနှင့် Oxygen Plant တည်ဆောက်မည့် နေရာသို့သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီးနှင့် လယ်ဝေးမြို့နယ် အားကစားကွင်းအတွင်း ယာယီ Quarantine Centre ဆောင်ရွက်မည့်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီးအတွင်းရှိ Quarantine Centre သို့ရောက်ရှိရာ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက အိပ်ဆောင်များ၊ ရေချိုးခန်းများ နှင့်သန့်စင်ခန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ က လှည့်လည်ကြည့်ရှုစစ်ဆေးရာ အိပ်ဆောင်များအတွင်း စနစ်တကျခုတင်များကို ထားရှိရေး၊ နှာခေါင်းစည်း Mask များ၊ လက်အိတ်များ၊ PPE ဝတ်စုံများနှင့် လက်သန့်ဆေးရည်များ လုံလောက်မှုရှိစေရေးနှင့် လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် အဖွဲ့သည် လယ်ဝေးမြို့နယ် အားကစားကွင်းအတွင်း Quarantine Centre ဆောင်ရွက်မည့်နေရာသို့ ရောက်ရှိရာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ နေပြည်တော်ပြည်သူ့ဆေးရုံ ခုတင်(၃၀၀)အတွင်း Oxygen Plant တည်ဆောက်နေသည့် နေရာသို့ရောက်ရှိရာ ဆောက်လုပ်ရေးရှင်းလင်းဆောင်တွင် နေပြည်တော် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နီထွန်း က Oxygen Plant တည်ဆောက်မည့် လုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ က အချိန်မီပြီးစီးရေးနှင့် Oxygen ထုတ်လုပ်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း