လင်းခေးတွင် Oxygen Plant တစ်ခု တည်ထောင်နိုင်ရေး ဆွေးနွေးပွဲကျင်းပ

လင်းခေး ဇူလိုင် ၁၂

လတ်တလော မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလများတွင် အများပြည်သူတို့အတွက် အကျိုးဖြစ်စေလိုသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ အောက်စီဂျင် (Oxygen Plant) တစ်ခု တည်ထောင်သွားနိုင်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် “ကျွန်တော်တို့ အခုလိုဆွေးနွေးကြတဲ့နေရာမှာ မြို့နယ်အတွင်းက ကျွန်တော်တို့ဌာနအပါအဝင်စေတနာအလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနဲ့ အခြားအလှူရှင်များရဲ့ မတည်ငွေနဲ့ ဒီအောက်စီဂျင် Plant လေးကို တည်ဆောက်သွား နိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပြီး အခုလိုအကြံပြုဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု ခရိုင်ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းက ဆွေးနွေးခဲ့သည်။ ၎င်းအပြင် မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်အချို့ထံ၌လည်း လုပ်ငန်းအောင်မြင်ရေး နည်းလမ်းများအား ပေးနိုင်ပါရန် လျှောက်ထားပါကြောင်းနှင့် ဆရာတော် သံဃာတော်များကလည်း ပါဝင်လှူဒါန်းသွားကြမည်ဖြစ်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သန်းက နည်းပညာနှင့်ပတ်သက်၍ ဆွေးနွေးပြီး “နမ့်ခုံး” ရှမ်းများပရဟိတအသင်းခွဲ(လင်းခေး) (နားကုန်းကျေးရွာ)များမှ တာဝန်ရှိသူများ၊ ရွှေလူငယ်နာရေးကူညီမှုနှင့် သွေးလှူရှင်အသင်းမှ ပုဂ္ဂိုလ်များနှင့် ခရိုင်သဘာဝ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများမှ ဝိုင်းဝန်း ဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)