ပင်လောင်း ဇူလိုင် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ငါးဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။
ယနေ့တွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများသည် ပင်လောင်းမြို့ ဈေးတန်း ရပ်ကွက်တွင် အမျိုးသမီးတစ်ဦး၊ နောင်တရားမြို့ ပေါ့ယားကျေးရွာအုပ်စု ကျောင်းနားရွာမှ အမျိုးသမီးနှစ်ဦး၊ ဘုရားဖြူကျေးရွာအုပ်စု လက်ပံပင်ရွာမှ အမျိုးသားတစ်ဦး၊ နောင်တရားမြို့ ရပ်ကွက်(၂)မှ အမျိုးသားတစ်ဦး စုစုပေါင်း အတည်ပြုလူနာ ငါးဦး ထပ်မံတွေ့ရှိသည်။
ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၂ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၇၂ ဦး တွေ့ရှိခဲ့ပြီး ယနေ့အချိန်ထိ ဆေးရုံဆင်းခွင့်ရရှိသူ ၂၂ ဦးရှိပြီဖြစ်ကာ ကျန်ရှိနေသောအတည်ပြုလူနာများကို ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် လည်းကောင်း၊ နောင်တရား တိုက်နယ်ဆေးရုံနှင့် တီကျစ်တိုက်နယ်ဆေးရုံ သီးသန့်ဆောင်တွင်လည်းကောင်း ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး သေဆုံးသူ တစ်ဦးရှိပြီဖြစ်ကြောင်း၊ အတည်ပြု လူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကိုလည်း အသွားအလာ ကန့်သတ်စောင့်ကြည့်ရာ နေရာများတွင် ၁၀ ရက်ကြာ ကျန်းမာရေးစောင့်ရှောက်ထားရှိမည် ဖြစ်ကြောင်းနှင့် ထိတွေ့ဆက်စပ် သူများကိုလည်း ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)