မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံရှိ Fever Clinic သို့ ကျန်းမာရေးလာရောက်စစ်ဆေးရာမှ အမျိုးသမီးတစ်ဦးထံက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

 

မိုင်းဖြတ် ဇူလိုင် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယနေ့နံနက် ၁၀နာရီခွဲအချိန်ခန့် က အမျိုးသမီးတစ်ဦးသည် နေမကောင်း၍ မြို့နယ်ပြည်သူ့ဆေးရုံရှိ Fever Clinic ၌ လာရောက်ပြသခဲ့ပြီး RDT Test kit ဖြင့် စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်းသိရသည်။

အဆိုပါ အမျိုးသမီးငယ်သည် တာချီလိတ်မြို့၊ ဝိန်ကျောက်ရပ်ကွက်တွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သော ၁၀ရက်ခန့်က မိုင်းဟဲကျေးရွာအုပ်စု၊ ဟိုခန့်ကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့၍ နေအိမ်၌နေထိုင်ပြီး နေမကောင်းသဖြင့် ယနေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံရှိ Fever Clinic သို့ လာရောက်ပြသခဲ့ရာ RDT Test kit ဖြင့် စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမျိုးသမီးငယ်အား ကျန်းမာရေးစစ်ဆေးမှုများအရ ကျန်းမာရေးကောင်းမွန်နေသည့်အတွက် ကျေးရွာရှိမိမိနေအိမ်၌ Home Quarantine ဖြင့် နေထိုင်စေရန် ညွှန်ကြားထားကြောင်း တာဝန်ရှိ သူများထံမှ သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ဇူလိုင်လ ၁ရက်နေ့က အမျိုးသားတစ်ဦးနှင့် ယနေ့တွင် အမျိုးသမီးတစ်ဦး စုစုပေါင်း နှစ်ဦးတွေ့ရှိထားကြောင်း သိရသည်။

သန်းထွန်းအေး