ရွှေကူမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရွှေကူ ဇူလိုင် ၁၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက ရွှေကူမြို့နယ်အတွင်း  ကိုဗစ်−၁၉ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများကို လည်းကောင်း၊ ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် သက်ဆိုင်ရာ ကော်မတီဝင် များအား ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်နှင့် လူမှုရေးအသင်း အဖွဲ့များမှ  ပူးပေါင်းပါဝင် ဆောင်ရွက်မှုအပေါ် အားရကျေနပ်ပါကြောင်း၊ ရောဂါကူးစက် ဖြစ်ပွားမှု လျော့နည်း ပပျောက်ရေးအတွက်  ဆက်လက်ကြိုးပမ်း  ဝိုင်းဝန်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားပြီး တက်ရောက် လာသည့် ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ရှင်းလင်း တင်ပြခဲ့ကြကြောင်း သိရသည်။

ရွှေကူမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့်   ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်နိုင်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေး လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်၊ စစ်ဆေးရေး ဂိတ်များတွင် စနစ်တကျ ဆောင်ရွက်နိုင်ရန်၊   ကိုဗစ်−၁၉ရောဂါ တွေ့ရှိသူများ၊ သံသယရှိသူများနှင့်  အသွားအလာ ကန့်သတ်ခံထားရသူများ  အားထားရှိသည့်  Quarantine  Centre  များ၌ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များ၊ လှူဒါန်းမှု၊ ဝယ်ယူ ထောက်ပံ့မှု အခြေအနေ၊ ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များနှင့်  လှုမှုရေး အထောက်အကူပြု အဖွဲ့များ၏ ဆောင်ရွက်ချက်များကို ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို  ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)