ရန်ကုန် ဇူလိုင် ၁၂
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်အတွင်းရှိ သတင်းသမားများအတွက် သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေနှင့် သတင်းမီဒီယာ ကျင့်ဝတ်စာအုပ်များနှင့် သတင်းသမားဆောင်း ဦးထုပ်များ လှူဒါန်းခြင်းကို ယနေ့ မွန်းလွှဲ(၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ တွဲဖက်အတွင်းရေးမှူး(၂) ဦးအောင်ပြည့်စုံနှင့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်များက သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေနှင့်သတင်း မီဒီယာ ကျင့်ဝတ်စာအုပ်များနှင့် သတင်းသမားဆောင်း ဦးထုပ်(၂၅)လုံးကို လှူဒါန်းရာ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ခရိုင်ဦးစီးအရာရှိ ဒေါ်အေးအေးခိုင်နှင့် မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းကြည်တို့က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အဆိုပါ လှူဒါန်းရရှိသည်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင်အတွင်း မြို့နယ်များတွင်ရှိသော သတင်းသမားများကို တာဝန်ရှိသူများက ခွဲဝေပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းသမားများ သတင်းရယူရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် သတင်းတစ်ပုဒ် ရေးသားရာတွင် သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေနှင့် သတင်းမီဒီယာ ကျင့်ဝတ်များ စသည်တို့ကို သိရှိနိုင်စေရန် ရည်ရွယ်၍ လှူဒါန်းရခြင်းဖြစ်ပြီး လှူဒါန်းခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို