ပြင်ဦးလွင် ဇူလိုင် ၁၂
ပြငဦးလွင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား စနစ်တကျ ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ပြင်ဦးလွင်ကုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး Isolation Ward၊ ပြင်ဦးလွင်ခရိုင် အားကစားကွင်းအတွင်းရှိ ရောဂါကုသရေး Center၊ တောင်စလင်း ကျောင်းတိုက် အတွင်းရှိ covid centre၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(ဇီးပင်ကြီး)နှင့် ကုတင် (၅၀)ဆံ့ဆေးရုံ (ဇီးပင်ကြီး) တို့တွင် အသီးသီး ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ယခုအခါ မြို့နယ်အတွင်း ရောဂါကူးစက်သူများ များပြားလာသဖြင့် ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ပိုးတွေ့လူနာများအား ကုသမှုခံယူရာ နေရာများသို့ ပရဟိတအသင်းများမှလည်း ကူညီပို့ဆောင် ပေးလျက်ရှိသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ (Positive)ပိုးတွေ့ လူနာများအား နေရာ(၅)နေရာခွဲ၍ ကုသမှုဆောင်ရွက်ထားပြီး ယခုချိန်ထိ ကုသမှုခံယူနေသူ အမျိုးသား(၂၃၂)၊ အမျိုးသမီး(၁၇၀)၊ စုစုပေါင်း(၄၀၂)ဦးခန့်အား ရောဂါကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ အမျိုးသား၊ အမျိုးသမီးသီးသန့် အဆောင်များဖြင့် စနစ်တကျ ဆောင်ရွက် ပေးလျက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)