တိုက်ကြီးမြို့နယ်တွင် ပါးစပ်/နှာခေါင်းစည်း (Mask) များဖြင့် စနစ်တကျတပ်ဆင် သွားလာရေး အသိပညာပေး ဆောင်ရွက်

တိုက်ကြီး ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/ နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက် (၈:၀၀) အချိန်ခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် မြို့နယ် ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက မြို့မဈေး၊ ဘုရားလေးလမ်းဆုံတို့တွင် သွားလာနေသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးအတွက် ပါးစပ်/နှာခေါင်းစည်း (Mask)(၁၀၀၀)ခုနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် ဇွန်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ အတည်ပြုလူနာ စုစုပေါင်း (၃၆၈)ဦး၊ ဆေးရုံဆင်း (၁၆ဦး၊ သေဆုံးသူ (၃)ဦးအထိ ရှိလာပြီး (၁၂.၇.၂၀၂၁)ရက်နေ့ နံနက်ပိုင်းမှစ၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက တိုက်ကြီး မြို့နယ်အား Stay at Home သတ်မှတ်ခဲ့ပါသည်။ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှလည်း ရပ်ကွက်/ကျေးရွာပြည်သူများ နေအိမ်မှထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင် သွားလာရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို တိကျစွာ လိုက်နာစေရေးတို့ကို အရှိန်အဟုန်မြှင့် အသိပညာပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။     

စန်းကလျာခိုင်