တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်း

တန့်ယန်း ဇူလိုင် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် "ရွှင်ချမ်းလုံ" ထုတ်လုပ်မှုကုမ္ပဏီလီမိတက် "Mother's Love လက်ဖက်ခြံ" မှ အလှူငွေကျပ်(၁၀)သိန်းကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းအပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များမှတစ်ဆင့် အမှတ်(၂)ရပ်ကွက်ရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာတွင် အသုံးပြုရန် တရုတ်လူငယ်အသင်းမှ စောင်(၅၀)ထည်၊ အိပ်ယာခင်း (၅၀)ထည်၊ ခြင်ထောင်(၅၀)လုံး၊ ခေါင်းအုံး (၅၀)လုံး၊ ဆေးဖျန်းပုံး (၃)လုံး၊ လက်ဆေးဆပ်ပြာ (၃၀)ဘူး၊ အမှိုက်ပုံး (၃၀)ပုံး၊ လက်နှိတ်ဓါတ်မီး(၁၀)လက်၊ ကိုယ်အပူချိန်တိုင်း(၁၀)ခု၊ သွေးပေါင်ချိန်တိုင်းကရိယာ(၁၀)ခု၊ အောက်စီဂျင်တိုင်းစက်(၁၀)ခု၊ ထိုင်ခုံ(၅၀)လုံး တို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာရီရီထွေးနှင့် တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သိရသည်။

မင်းလွင်ဦး