ပင်းတယ ဇူလိုင် ၁၂
အသက်ရူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ မြို့နယ်များ တွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ၊ မြို့နယ်ဓမ္မာရုံ၌ လူဦးရေ ၁၀၀ ဆံ့ Quarantine Center ထားရှိရန် ကြိုတင်ပြင်ဆင်မှုများအား ယနေ့နံနက် (၉ )နာရီက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအဖွဲ့ဝင်များက Quarantine Center ပြုလုပ်မည့်နေရာအား ပတ်ဝန်းကျင် လေဝင်လေထွက်ကောင်းမွန်ရေးနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ သန့်ရှင်း သပ်ရပ်စွာ ထားရှိနိုင်ရေး စုပေါင်း၍ကြိုတင်ပြင်ဆင်များ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ပင်းတယမြို့ရှိ၊ မြို့နယ်ဓမ္မာရုံ Quarantine Center ၌ stay at home သတ်မှတ်ထားသည့် မြို့နယ်များမှ ပြန်လည်ဝင်ရောက်လာသူများ၊ ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်မှုရှိ သူများအနေနဲ့ မိမိတို့နေအိမ်တွင် နေထိုင်ရန် အခက်အခဲရှိသူများအားထားရှိသွားမည်ဖြစ်ပြီး ကျန်းမာရေးစောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပင်းတယ (ပြန်/ဆက်)