လင်းခေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

လင်းခေး ဇူလိုင် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီနှင့် မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးထားပြီးသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား(ဒုတိယအကြိမ်)ထပ်မံထိုးနှံပေးခြင်းကို ယနေ့နံနက်၉နာရီက မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနဝင်းရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန အဆောက်အဦ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော ကူးစက်မြန်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ လာရောက်ထိုးနှံသူများအား လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း နှင့်ကျန်းမာရေး စစ်ဆေးပေးခြင်းတို့ကို မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မောင်မောင်သန်း နှင့်ဝန်ထမ်းများက ထိုးနှံရမည့်သူ စုစုပေါင်း(၈၄)ဦးတို့ကို ဒုတိယအကြိမ်အဖြစ် ထပ်မံထိုးပေးခဲ့ကြသည်။

ယင်းသို့ ဆောင်ရွက်ပေးရာသို့ လင်းခေးခရိုင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်တို့က လာရောက် ကြည့်ရှုအားပေးပြီး ကာကွယ်ဆေးလိုအပ်နေမှုများအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့နယ်ဆရာဝန်နှင့် ဆရာမများက ကာကွယ်ဆေး ထိုးနှံပြီးသူများအား လိုက်နာရမည့် ကျန်းမာရေးအသိပညာပေး စည်းကမ်းချက်များ ဟောပြောပေးခဲ့ကြောင်း မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စိုင်းဇော်လတ် (လင်းခေး)