ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ(၄)ဦးထပ်မံတွေ့ရှိ

ချင်းရွှေဟော် ဇူလိုင် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့ကြသည့် ပြည်သူများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ရွေ့လျားရှာဖွေစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ Swab နမူနာများရယူ၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက် အဖြေအရ ယနေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦးနှင့် အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားသုံးဦး စုစုပေါင်း(၄)ဦး တို့ထံတွင် ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့ရှိလူနာအား ဆေးကုသမှုခံယူနိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များက အမှတ်(၂)ရပ်ကွက်ရှိ မြို့တော်ခန်းမ၊ Quarantine စင်တာသို့ ပြောင်းရွှေ့ပို့ဆောင်ထားပြီး ၎င်းနှင့်ထိတွေ့ခဲ့ကြသူများအား ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ကာ အသွားအလာကန့်သတ်စောင့်ကြည့်နိုင်ရန် Home Quarantine ထားရှိပြီး ၎င်းတို့နေထိုင်သည့် နေရာများအား အသွားအလာကန့်သတ်ထား၍ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့တွင် ဇွန်လ(၂၃)ရက်မှ ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ(၄၁)ဦးထိရှိပြီဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)