လွိုင်လင်မြို့၌ မှတ်ပုံတင်မဲ့ ဆိုင်ကယ်များကို One Stop Service စနစ်ဖြင့်မှတ်ပုံတင်ပြုလုပ်ပေး

လွိုင်လင် ဇူလိုင် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်အတွင်းရှိမြို့နယ်များမှ မှတ်ပုံတင်မဲ့ ဆိုင်ကယ်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု၊ ဦးစီးဌာန လွိုင်လင်ခရိုင်ရုံးတွင် ဇူလိုင်လ ၁၂ ရက်နေ့မှ ဩဂုတ်လ ၂၄ ရက်နေ့အထိ ရုံးဖွင့်ရက်ပေါင်း ၃၀ အတွင်း One Stop Service စနစ်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

နိုင်ငံတော်အတွင်း တရားမဝင်ရောက်ရှိ အသုံးပြုနေသည့် မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များကို ဥပဒေနှင့် အညီမှတ်ပုံတင်ပြီး တရားဝင်စီးနင်နိုင်ရန်၊ မှတ်ပုံတင်မဲ့ဆိုင်ကယ်များ လျော့နည်းပပျောက် စေရန်၊ နိုင်ငံတော်ကရသင့်ရထိုက်သောအခွန်ဘဏ္ဍာများ ဆုံးရှုံးမှုမရှိစေရန်၊ မြို့ပြနှင့်ကျေးလက်နေ ပြည်သူများ သွားလာရေးအဆင်ပြေလွယ်ကူစေရန်၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးတက်မှုရှိလာစေရန် ရည်ရွယ်၍ ဆိုင်ကယ်များကို One Stop Service စနင်ဖြင့်မှတ်ပုံတင်များပြုလုပ်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၏ ညွှန်ကြားချက်အရသိရသည်။

ပြည်သူများအနေဖြင့် မော်တော်ဆိုင်ကယ်မှတ်ပုံတင်ပြုလုပ်မည်ဆိုပါက ပိုင်ရှင်၏နိုင်ငံသားစိစစ်ရေး ကတ်မူရင်း/ မိတ္တူ၊ နေရပ်လိပ်စာ မှန်ကန်စေရေးအတွက် အိမ်ထောင်စုဇယားမိတ္တူ သို့မဟုတ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ယူဆောင်လာရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ မှတ်ပုံတင်မဲ့ဆိုင်ကယ်များအား One Stop Service စနင်ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခေါင်းဆောင်အဖြစ်တာဝန်ယူ၍ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးလွင်ဦး(လွိုင်လင်)