ရန်ကုန် ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများကို Swab ယူ စစ်ဆေးရာ (၂၀)ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီ အသင်း၊ တွဲလက်လူမှုကူညီရေးသင်း၊ စိန်ရတနာနာရေးကူညီမှုအသင်းနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ရပ်ကွက်များအတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ (၃၆)ဦးကို သွားရောက်၍ ခေါ်ဆောင်ကာ အင်းစိန် (GTI) Quarantine Center (၃) တွင် Swabယူ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး (၂၀)ဦး တွေ့ရှိခဲ့သည်။
အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်မှ(၁၃)ဦး၊ ပေါက်တောဝရပ်ကွက်မှ(၁)ဦး၊ အောင်ဆန်း ရပ်ကွက်မှ(၁)ဦး၊ ကြို့ကုန်းအနောက်ရပ်ကွက်မှ (၄)ဦးနှင့် စော်ဘွားကြီးကုန်း ရပ်ကွက်မှ(၁)ဦး စုစုပေါင်း(၂၀)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများသို့ အသီးသီး ပို့ဆောင်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတ အသင်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို