မိုင်းဖြတ် ဇူလိုင် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ နံနက်ပိုင်းစ၍ ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ကျိုင်းတုံ-မိုင်းဖြတ်- တာချီလိတ်သွား ပြည်ထောင်စုလမ်းမကြီးဘေး မြို့ဝင်ဘီးခွန်ဂိတ်အနီးတွင် ဖွင့်လှစ်ထားကြောင်း သိရ သည်။
ထိုသို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဆိုင်ရာ ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်ရာတွင် မြို့နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ စီစဉ် ဆောင်ရွက်မှုဖြင့် နေ့စဉ်တာဝန်ကျဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက ခရီးသွားပြည်သူများအား ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးခြင်း၊ ခရီးသွားမှတ်တမ်းမေးမြန်းရယူခြင်း၊ နှာခေါင်းစည်း(Mask)တပ်ဆင်ရေး အသိပညာပေးခြင်း တို့ကိုဆောင်ရွက်ပြီး အခြားမြို့နယ်မှ မိုင်းဖြတ်မြို့တွင်းသို့ ညအိပ်ညနေလာရောက်ပါက ကိုဗစ်-၁၉ရောဂါ မရှိကြောင်း စစ်ဆေးချက်ပါရှိရမည်ဖြစ်ပြီး မပါရှိပါက မြို့နယ်ပြည်သူ့ဆေးရုံတွင် စစ်ဆေးရမည်ဖြစ်သည်။ ကိုဗစ်-၁၉ရောဂါ မရှိကြောင်းစစ်ဆေးချက် မပါရှိ၍သော်လည်းကောင်း၊ စစ်ဆေးချက်ရယူခြင်း မပြုသော် လည်းကောင်း မြို့တွင်းသို့ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီထံက သိရသည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ကော်မတီဝင်များ၏ကြီးကြပ်မှုဖြင့် နေ့စဉ် နံနက် ၆နာရီမှ ညနေ၆နာရီအထိ စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး