နမ္မတူ ဇူလိုင် ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ပိုးတွေ့ရှိသူ သုံးဦးထပ်မံတွေ့ရှိကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့လူနာများမှာ နမ္မတူမြို့နယ်၊ ပန်ဟိုက် (၁၀)ရပ်ကွက်တွင် နေထိုင်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းတစ်ဦးဖြစ်သူ အမျိုးသားတစ်ဦး၊ ၎င်း၏ အမျိုးသမီးဖြစ်သူ ပညာရေးဝန်ထမ်းတစ်ဦးနှင့် ၎င်းတို့၏ကလေးငယ် တစ်ဦး၊ စုစုပေါင်း သုံးဦးတို့သည် နေမကောင်းသဖြင့် နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက် ပြသခဲ့သဖြင့် ပြည်သူ့ဆေးရုံတွင် RTD Test Kit ဖြင့်စစ်ဆေးခဲ့ရာ ၎င်းတို့ သုံးဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည်။
ထိုသို့ကိုဗစ်-၁၉ပိုးတွေ့ရှိရသောလူနာ သုံးဦးအား နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံ (Isolation ward)သို့ ပြောင်းရွှေ့ကာ သီးသန့်ထားရှိ ကုသပေးလျက်ရှိပြီး ပိုးတွေ့လူနာ သုံးဦးလုံးမှာ ယခုအချိန်အထိ ကျန်းမားရေးကောင်းမွန်လျက်ရှိကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
သို့ဖြစ်ပါ၍ ပိုးတွေ့လူနာသုံးဦးနှင့်အတူ မိသားစုဝင် (၄)ဦးနေထိုင်တဲ့ ပန်ဟိုက်ရပ်ကွက် (၁၀)ရှိ နေအိမ် (၁)အိမ်အားလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ပိုးတွေ့လူနာနှင့်အတူ ရုံးခန်းတစ်ခန်းထဲနေ အမျိုးသမီးဝန်ထမ်းတစ်ဦးနှင့်အတူ မိသားစုဝင် (၃)ဦးနေထိုင်တဲ့ နေအိမ်အား (Stay at Home) ဆောင်ရွက်ထားရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယခုအချိန်ထိ ကိုဗစ်-၁၉ပိုးတွေ့ရှိသူ (၃၀)ဦးရှိပြီး (၁၀)ဦးမှာ ရောဂါကင်းစင်ပြီးကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရရှိကာ (၂)ဦး သေဆုံးခဲ့ပြီး ဆေးရုံတက်ရောက်ကုသလျက်ရှိသူ ပိုးတွေ့လူနာ (၁၈)ဦးရှိကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရှိရသည်။
လူမော်