မိုင်းနောင် ဇူလိုင် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက်(၈)နာရီအချိန်က တိုက်နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
မိုင်းနောင်မြို့တိုက်နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်နှင့် တပ်ရင်းတပ်ဖွဲ့များမှ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ငှက်ဖျား၊ AIDSနှင့်အခြားရောဂါများ ရှိ/မရှိ စစ်ဆေးပေးခြင်း၊ အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော(ရိုတာ)ဆေး၊ ပြင်းထန်အဆုတ်ရောင်၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးများ၊ ပိုလီယိုရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်း၊ အသက်(၉)နှစ်မှ (၁၀)နှစ်ထိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်(၃၀)ဦး၊ ကလေးငယ်နှင့်အမျိုးသမီးငယ်များ (၅၃)ဦး လာရောက်ထိုးနှံ၍ ဆေးများတိုက်ကျွေးခဲ့ကြောင်း သိရသည်။
မနန်း