ကျောက်တန်းမြို့နယ် ယာယီဆေးကုသရေးစင်တာ (ရွှေမှော်ဝန်းသာသနာ့ဗိမာန်)တွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်ပိုးတွေ့လူနာ(၁၀) ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိ

ကျောက်တန်း  ဇူလိုင်  ၁၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင် ၁၁ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ  (၁၀၅) ဦးစစ်ဆေးတွေ့ရှိရာ ယာယီဆေးကုသရေးစင်တာ (ရွှေမှော်ဝန်းသာသနာ့ ဗိမာန်)တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်ပိုးတွေ့လူနာကျား(၃) ဦးနှင့် မ(၇) ဦး ပေါင်း(၁၀)ဦး ကျန်းမာရေးကောင်းမွန် လာပြီဖြစ်၍  ယနေ့နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်းသိရသည်။

ထိုသို့ဆေးရုံဆင်းခွင့်ရရှိသူများအား ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ယာယီကုသရေးစင်တာ တာဝန်ခံက ဆေးရုံဆင်းခွင့်လက်မှတ်များ ပေးအပ်ခဲ့ပြီး ကျန်းမာရေးဆိုင်ရာ အသိပညာများနှင့် မိမိတို့နေအိမ်သို့ ရောက်သောအခါတွင်လည်း နေအိမ်တွင် Stay at Home  (၇)ရက်ကြာနေထိုင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီနေထိုင်ရေးစသည့် စည်းကမ်းချက်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဆေးရုံဆင်းခွင့်ရရှိသူ (၁၀)ဦးကို တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများက ၎င်းတို့၏ နေရပ်များ အထိ လိုက်လံပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

“ ယခုလို လူနာများအပေါ်နွေးထွေးစွာ ကျန်းမာရေးစောင့်ရှောက်ပေးမှုများအတွက် မြို့နယ်မှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများအားလုံးနှင့် ကျွန်တော်တို့စားရေး၊သောက်ရေး အတွက် တစ်ထောင့်တစ်နေရာကနေ ဖြည့်ဆည်းလှူဒါန်းပေးကြတဲ့ အလှူရှင်များ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိ ပါတယ်၊ အစစ အရာရာ လိုအပ်မှုမရှိအောင် ဆောင်ရွက်ပေးမှုအတွက် အထူးပင်ဝမ်းမြောက်မိပါတယ်၊ Stay at Home   ကာလပြီးမြောက်လျင် လိုအပ်ပါက လုပ်အားဒါနများ ဖြည့်ဆည်းပေးခြင်းပါတယ်” ဟု ဆေးရုံဆင်း လူငယ်တစ်ဦးက ပြောကြားသည်။

ကျောက်တန်းမြို့နယ်တွင်  လက်ရှိအချိန်ထိ  ပိုးတွေ့အတည်ပြုလူနာ (၁၀၅) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၁၀) ဦး၊  ဆေးကုသမှုခံယူနေသူ (၈၉)ဦး နှင့် သေဆုံးသူ (၆) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ခင်ဆွေဝင်း