ပင်လုံမြို့သို့ ဖြတ်သန်းဝင်ရောက်လာသည့် ခရီးသည်များအား ကျန်းမာရေးစစ်ဆေးရာ ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ပင်လုံ ဇူလိုင် ၁၁

ပင်လုံမြို့အဝင် မွေတော်ဟိုနားဘုရားအနီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးနိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးအတွက် ဇူလိုင်လ ၈ ရက်နေ့မှစတင်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များနှင့် အခြားမြို့နယ်များမှ ပင်လုံမြို့အတွင်း ဝင်ရောက်ဖြတ်သန်းလာသူများအား ကျန်းမာရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားပြီး ပင်လုံမြို့ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုကော်မတီနှင့် ဌာနဆိုင်များပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယမန်နေ့မွန်းလွဲပိုင်းက လဲချားမြို့မှ ပင်လုံမြို့သို့ ဖြတ်သန်းဝင်ရောက်လာသည့် ခရီးသည်တင်ယာဉ်ပေါ်ရှိ ခရီးသည် (၄)ဦးအား ကျန်းမာရေး စစ်ဆေးခဲ့ရာ အပူရှိန်မြင့်တက်နေသည့် အတွက် ပင်လုံမြို့ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီအဖွဲ့မှ အဆိုပါ ခရီးသည်(၄)ဦးအား ပင်လုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူများက RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ အသက် (၇၄)နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ အသက် (၄၇)နှစ်အရွယ်အမျိုးသမီး(၁)ဦး၊ အသက် (၂၄)နှစ်အရွယ် အမျိုးသမီး(၁)ဦး နှင့် အသက် ( ၃၁ )အရွယ် အမျိုးသား (၁)ဦး စုစုပေါင်း (၄)ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ခရီးသည်(၄)ဦးအနက် ပိုးတွေ့လူနာ (၂)ဦးအား ပင်လုံမြို့ ပြည်သူ့ဆေးရုံတွင်လည်းကောင်း၊ (၂)ဦးအား လွိုင်လင်မြို့ အထွေထွေရောဂါကု ဆေးရုံတွင်လည်းကောင်း အသီးသီးထားရှိ၍ အထူးကြပ်မတ် ကုသဆောင်များတွင် သီးသန့်ထားရှိ ဆေးကုသပေးလျက်ရှိကြောင်း သိရှိရသည်။