ငါန်းဇွန် ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် ဇွန် ၂၈ ရက်နေ့မှ ဇူလိုင် ၁၀ ရက်နေ့ အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာ(၄၄)ဦး ရှိပြီဖြစ်ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး ငါန်းဇွန်မြို့ပေါ်ရပ်ကွက် အသီးသီးသို့ ယမန်နေ့ည ၇နာရီခွဲအချိန်က အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။
ထို့သို့ လှည့်လည်အသိပေနှိုးဆော်ကြေညာရာတွင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ် တွင်သာ နေထိုင်ရန်နှင့် နေအိမ်မှ အပြင်ထွက်သည့်အခါ နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်နှင့် ဖြစ်နိုင်ပါက အနည်းဆုံး (၆)ပေအကွာမှသာ နေထိုင်ပြောဆိုကြရန်၊ စားသောက်ဆိုင်များအနဖြင့် ဆိုင်ထိုင်ရောင်းချခြင်းအစား ပါဆယ်စနစ် (Take away) ဖြင့်သာ ဆောင်ရွက်ရန်၊ လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာ နှင့် ရေအသုံးပြု၍ အနည်းဆုံး စက္ကန့်(၂၀)ကြာ ဆေးကြောကြရန်၊ ရောဂါဖြစ်ပွားရာဒေသများမှ လာရောက် သူများအား အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း(Quarantine)လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ကြရန်နှင့် တရားမဝင် ဝင်ရောက်လာသူများ တွေ့ရှိပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်၍ သိရှိလိုက်နာကြရန်၊ လူစုလူဝေးဖြစ်စေသည့် အခမ်းအနား၊ ပွဲလမ်း သဘင်များ လုံးဝ(လုံးဝ)ကျင်းပပြုလုပ်ခြင်း မပြုရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန်ခွဲမှုဉပဒေအရ အရေးယူခြင်းခံရမည်ဖြစ်၍ သိရှိလိုက်နာကြရန်၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် စည်းကမ်း သတ်မှတ်ချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)