တာချီလိတ် ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ကိုဗစ်(၁၉)ရောဂါပိုး ကူးစက်မှုတိုးမြှင့်လာပြီး အရေးပေါ်နေရာလိုအပ်လာပါက လူနာတစ်ထောင်ခန့်စာအတွက် နေရာစီစဉ်ပေးနိုင်ရေး ကိုဗစ် စင်တာကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်စင်တာကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်တို့၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ Quarantine Center ပြင်ဆင်ရာတွင် လူနာတစ်ဦးအတွက် ကုတင်၊ အိပ်ယာခင်း၊ ခေါင်းအုံး၊ စောင်နှင့်ခြင်ထောင် ကုန်ကျစရိတ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ သုံးထောင်ကျော်ရှိပြီး အဆိုပါကုန်ကျငွေများကို မြို့မိမြို့ဖများနှင့်လုပ်ငန်းရှင်များက အဓိက လှူဒါန်းပေးခြင်း ဖြစ်သည့်အပြင် ကိုဗစ်စင်တာတွင် ပါဝင်ကူညီလုပ်အားပေးနေကြသည့် Volunteer များ၏ နေ့စဉ်စားသောက်စရိတ်များကိုလည်း မြို့မိမြို့ဖများက ကျခံလှူဒါန်းပေးလျက်ရှိသည်။
ထို့အတူ တာချီလိတ်ခရိုင်အားကစားရုံတွင် ကိုဗစ်(၁၉)ရောဂါလူနာ တစ်ရာကျော်အတွက် ပြင်ဆင်ထားပြီးဖြစ်ကာ ဆက်လက်၍ လူဦးရေတစ်ထောင်ခန့် အတွက် ဝမ်လုံးရပ်ကွက်တွင် ပြင်ဆင်နေခြင်းဖြစ်သည်။ ယင်းပြင်ဆင်နေမှုများကို တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက
ယမန်နေ့တွင် သွားရောက်ကြည့်ရှုပြီး လိုအပ်ချက်များကို ဖြည်းဆည်းနိုင်ရေး
စီစဉ်ဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများသည် ယမန်နေ့၊ နံနက်ပိုင်းတွင် ကိုဗစ်လူနာများ ထားရှိရာ တာချီလိတ်မြို့ရှိ မိုးကုတ် Quarantine Ceter သို့သွားရောက်၍ ကျန်းမာရေး စစ်ဆေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ကိုဗစ်လူနာများကို အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ထောက်ပံ့လှူဒါန်းပေးခဲ့ကာ မြို့အဝင် မယ်ယန်း ကိုဗစ် စစ်ဆေးရေးဂိတ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး မြို့မိမြို့ဖအဖွဲ့ဝင်များက စစ်ဆေးရေးဂိတ်တွင် တာဝန်ကျဝန်ထမ်းများ၊ Volunteer များအား စားသောက်ဖွယ်ရာများကို
ထောက်ပံ့ပေးခဲ့သည်။
တာချီလိတ်မြို့၌ ယမန်နေ့တွင် ကိုဗစ် (၁၉)ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိသူ ၂၃ ဦးရှိရာ စုစုပေါင်း ၂၄၇ ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)