မလှိုင် ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် မေတ္တာရှင် ဆေးဖျန်းအဖွဲ့မှ ကိုဗစ်-၁၉ရာဂါ ပျံ့ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆေးဖျန်းအမြှောက် စက်ကြီးဖြင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို ယမန်နေ့က မလှိုင်မြို့နယ် ရေထွက် ကျေးရွာအတွင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရေထွက်ကျေးရွာတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး ထိစပ်သူများနှင့်ပြင်ပမှ လာရောက်သူများကို ကျေးရွာ ဆေးပေးခန်းတွင် Quarantine ဖွင့်လှစ် ထားရှိသဖြင့် ကိုဗစ်-၁၉ရာဂါ ကူးစက်ပျံ့ပွားမှု မရှိစေရန် ကြိုတင် ကာကွယ်သည့် အနေဖြင့် မေတ္တာရှင် ဆေးဖျန်းအဖွဲ့မှ လာရောက် ပိုးသတ်ဆေးဖျန်းခြင်းဖြစ်သည်။
အဆိုပါနေ့က ဆေးဖျန်းအဖွဲ့ နာယကများဖြစ်ကြသော ဦးကျောက်ခဲ၊ ဦးစောထွန်း၊ မေတ္တာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ သက်အောင်သန်းနှင့် တာဝန်ရှိသူများက ဦးဆောင်၍ ဆေးဖျန်းအမြှောက်စက်ကြီးဖြင့် Quarantine ဖွင့်လှစ်ထားသည့် ကျန်းမာရေးဆေးခန်း၊ ပိုးတွေ့လူနာအိမ်၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ရွာလယ်လမ်းမ၊ လမ်းသွယ်နှင့် လမ်းကြာများပါမကျန် လှည့်လည်၍ ပိုးသတ်ဆေးများဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆေးဖျန်းအမြှောက်စက်ကြီးဖြင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်လိုပါက မေတ္တာရှင် ဆေးဖျန်းအဖွဲ့ နှင့် ဆက်သွယ် အကူညီတောင်းခံနိုင်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)