ကျောက်မဲ ဩဂုတ် ၁၁
စစ်ကိုင်းမြို့နယ် ဝဲလောင်ရွာရှိ Royal Heart ခွေးချစ်သူများအဖွဲ့မှ တိရစာ္ဆန်ဆေးကုဆရာဝန် ဒေါက်တာ ကျော်ရန်နိုင်ထွန်းနှင့် အဖွဲ့တို့သည် ကျောက်မဲမြို့အတွင်းရှိ ခွေးလေခွေးလွင့်များနှင့် ကြောင်များအား သားကြောဖြတ်ပေးခြင်း၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးပေးခြင်းနှင့် ဝဲရောဂါများ ကုသပေးခြင်းတို့ကို ကျောက်မဲပြည်သူ့ဆေးရုံကြီးအတွင်း၌ ယနေ့မှ စ၍ ၅ ရက်ကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လေလွင့်ခွေးများအား ရှင်းလင်းသုတ်သင်ခြင်းမပြုပဲ စနစ်တကျ သားကြောဖြတ်ခြင်းဖြင့် ခွေးရူးရောဂါ ကင်းစင်နယ်မြေ (Rabies Free Zone) ဖြစ်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ကျောက်မဲမြို့နယ်အတွင်းရှိ ခွေးလေခွေးလွင့်များကို သားကြောဖြတ်ခြင်း၊ ဆေးကုသပေးခြင်းတို့ကို တစ်ကြိမ် လျှင် ၅ ရက်ကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တစ်လလျှင် တစ်ကြိမ်နှုန်း ခွေးလေခွေးလွင့်များ ကုန်သည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မဲခရိုင်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးထွန်း က ကျောက်မဲမြို့နယ်အတွက် လိုအပ်သည့် အချို့ဆေးဝါး များနှင့် ကုန်ကျစရိတ်များကို တာဝန်ယူဆောင်ရွက်ပေးပြီး၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) ကျောက်မဲမြို့နယ် ဧရိယာမန်နေဂျာ ဒေါက်တာ သိန်းဇော်က ဝဲလောင်ရွာရှိ Royal Heart ခွေးချစ်သူများအဖွဲ့ကို ကျောက်မဲမြို့နယ်သို့ လာရောက်နိုင်ရေး ကူညီစီစဉ်ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါခွေးချစ်သူများအဖွဲ့၏ ပင်မအလှူရှင်မှာ အမေရိကန် တိရစာ္ဆန်ဆေးကုဆရာဝန် Dr.Amy Shroff ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)