မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုးနဲ    ဇူလိုင်    ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများကို  အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့နံနက် ၁၁ နာရီအချိန် က  မြို့နယ်ကမ္ဘောဇခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင်  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ  ဦးဝင်းမြင့် က ကိုဗစ်-၁၉ ရောဂါ မြို့နယ်တွင်းကူးစက်ပြန့်ပွားမှု အခြေအနေနှင့် ပတ်သက်၍ မြို့နယ်အတွင်း ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက်  ဖြတ်သန်းသွားလာသည့် ယာဉ်များ၊ ရပ်ဝေးမှပြန်လာမည့်သူများအား  စစ်ဆေးကြပ်မတ်နိုင်ရေးအတွက် မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် စနစ်တကျ တာဝန်ချထား စစ်ဆေးနိုင်ရေး၊ Quarantine Centre များ တိုးချဲ့ပြင်ဆင်ထားရှိရေး၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မြို့နယ်တွင်း သတင်းမှန်သိရှိနိုင်ရေးနှင့် Call Center ဖွဲ့စည်းထားရှိနိုင်ရေး၊ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ စနစ်တကျရောင်ချနိုင်ရေး၊ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများအတွက် ကြိုတင်စီမံမှုများ ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော မြို့မိ/မြို့ဖများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ က ပြန်လည်ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ က ဆွေးနွေးချက်အပေါ် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)