မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ အနံ့ပျောက် အတည်ပြု လူနာများထားရှိ မည့်နေရာအား ကွင်းဆင်းကြည့်ရှု

မင်္ဂလာဒုံ ဇူလိုင် ၉
 
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် အနံ့ပျောက်အတည်ပြု လူနာများကို ပုလဲပြည်သူ့ဆေးရုံကြီးတွင် ကုသစောင့်ရှောက်လျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါသည် ကူးစက်မှုမြန်ဆန်လာ၍ ပုလဲပြည်သူ့ဆေးရုံကြီးတွင် ကုသဆောင်ရွက်ရာတွင် အဆင်ပြေစေရန် နေရာလိုအပ်ချက်အရ ပေါင်းကူညာဏ ရပ်ကွက်ရှိ လောင်းတော်မူ ဘုန်းတော်ကြီးကျောင်း တရားရိပ်သာ အဆောက်အဦများတွင် အနံ့ပျောက်လူနာများ ထားရှိနိုင်ရန် ကြိုတင်ပြင်ဆင်ထားမှု များကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ကြိုင်၊ ပုလဲပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သက်ဇင်အောင်နှင့် ကော်မတီဝင်များ၊ ပရဟိတအဖွဲ့ များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
 
အဆိုပါ တရားရိပ်သာအဆောက်အဦများကို ပေါင်းကူညာဏရပ်ကွက် ဇေကမ္ဘာဝန်းအနီး ဧက(၁၀၀၀) အကျယ်ဝန်းရှိ မြေတွင် လုံးခြင်း ဆောက်လုပ်ထားပြီး (၁)ခန်းလျှင်(၃)ဦးထားရှိပါက အနံ့ပျောက် အတည်ပြု လူနာ (၁၅၀)ဦးခန့် ထားရှိနိုင်သည့်အပြင် သန့်ရှင်းသပ်ရပ်စွာ စနစ်တကျ ဖြစ်အောင် စီစဉ်ထားကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရသည့်နှင့် အနံ့ပျောက်အတည်ပြုလူနာများကို စတင်ထားရှိသွား မည်ဟု သိရသည်။
 
မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုသူ(၂၉၆)ဦးနှင့် သေဆုံးသူ (၅)ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စာရင်းများအရ သိရသည်။
 
မျိုးသန့်