ဗိုလ်တထောင် ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်မောင်းသူများနှင့် ဆိုင်ကယ်မောင်းနှင်သူများအား ၂၀၂၀ပြည့်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေသစ် ရှင်းလင်း အသိပေး ဟောပြောခြင်းနှင့် လက်ကမ်းများ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ ညနေ(၅:၀၀)နာရီက အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ဗိုလ်တထောင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကိုကို ဦးဆောင်၍ အမှတ်(၃၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ကျော်စိုး၊ စခန်းမှူးဒုရဲမှူးထွန်းဝေ၊ မြို့နယ်ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲအုပ်သန်းကြွယ်နှင့် ရဲတပ်ဖွဲ့ဝင်များက ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ ယာဉ်အန္တရာယ်ကင်းဝေးရေး၊ မှုခင်းကျဆင်း ရေးနှင့် ဥပဒေသစ်တွင် အနိမ့်ဆုံးဒဏ်ငွေ (၃၀၀၀၀)ကျပ်မှ အမြင့်ဆုံးဒဏ်ငွေ (၁၅သိန်း)ထိနှင့် အနိမ့်ဆုံးထောင်ဒဏ် (၁ လ) မှ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ပြဌာန်းထားမှု၊ စည်းကမ်းမလိုက်နာသော မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်များကို ဥပဒေအရ အရေးယူဆောင်ရွက်ရမှုများနှင့် လမ်းလျှောက်သူများ၊ လမ်းဖြတ်ကူးသူများအတွက် အသိပညာပေး ရှင်းလင်းဟောပြောပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။
အဆိုပါ အသိပညာပေးပွဲသို့ ခရီးသည်တင်နှင့် ကိုယ်ပိုင်ယာဉ်မောင်းနှင်သူများ၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူများနှင့် ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ပြီး၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ရာ တက်ရောက်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ပြီး “အသိပညာပေးဟောပြော၍ ဥပဒေသစ်ပါ ပြဌာန်းချက်များ သိရှိခြင်းကြောင့် ကျေးဇူးတင်ကြောင်း” ဦးမြတ်ဆွေက ပြောကြားကြောင်း သိရှိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)