ကျောက်ဆည် ဇူလှိုင် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာနှစ်တွင် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်ကာ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည့် ကျေးရွာ(၃)ရွာအား Cash for Work စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သင်းသင်းအေးက မဲခေါင်-လန်ချန်း စီမံကိန်းအကြောင်းများရှင်းလင်းပြောကြားခဲ့ပြီး နည်းပညာ ဦးစီးအရာရှိ ဒေါ်ဌေးရီက Cash for Work စီမံကိန်းရန်ပုံငွေများနှင့် ဆောင်ရွက်သွားမည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကာ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေများအား ကလေး၊ ဖိုကုန်း၊ ဥယျာဉ်ကျေးရွာတို့အား ငွေကျပ်သိန်း(၁၀၀)စီ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကလေးကျေးရွာဖွံ့ဖြိုးရေးအတွက် မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် အရှည် (၂၃၃၀)ပေ၊ အကျယ်(၁၁)ပေ၊ ထု(၉)လက်မ ရွာတွင်းလမ်းအား ဂျင်းမြေခင်းခြင်း၊ ဖိုကုန်းကျေးရွာ ဖွံ့ဖြိုးရေး အတွက် အရှည်(၂၀၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မ ရွာတွင်းဂျင်းမြေခင်းခြင်းနှင့် အရှည် (၁၅၀၀)ပေ၊ အနက်(၁)ပေခွဲ၊ အကျယ်(၁)ပေ လမ်းဘေးရေနှုတ်မြေင်းတူးဖော်ခြင်း၊ ဥယာဉ်ကျေးရွာ ဖွံ့ဖြိုးရေးအတွက် အရှည်(၁၄၆၅)ပေ၊ အကျယ်(၁၀)ပေ၊ ထု(၁)ပေ ရွာတွင်းလမ်းဂျင်းမြေခင်းခြင်းနှင့် အရှည် (၈၀၀)ပေ၊ အနက်(၂)ပေ၊ အကျယ်(၅)ပေ စိုက်ပျိုးရေယူမြောင်း တူးဖော်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)