မင်္ဂလာဒုံ ဇူလိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ခန်း၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင့်ကြိုင်က အဖွင့်အမှာစကားပြောကြားပြီး ကိုဗစ်-၁၉ရောဂါကို ထိန်းချုပ်နိုင်ရန်နှင့် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ပတ်သက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအောင်ဖြိုးက ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နေရမှု အခြေအနေများ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာဝင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရာတွင် ကျောင်းများဖွင့်လှစ်ဆောင်ရွက်ရမည့် အခြေအနေများ တွေ့ကြုံ့ရသည်များကို တင်ပြဆွေးနွေးခဲ့ကြ သည်။
ဆက်လက်၍ မင်္ဂလာဒုံမြို့နယ်အနေဖြင့် Stay at Home မြို့နယ်တွင်ပါဝင်ပြီး ပလရ ရပ်ကွက်၊ စျေးရပ်ကွက်၊ ချစ်တီးကုန်းရပ်ကွက်၊ အနန်းပင်ရပ်ကွက် တို့မှာလည်း Lowdown ချထားသည့် ရပ်ကွက်များ ဖြစ်၍ အဆိုပါ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများက မြေပြင်တွင် ဆောင်ရွက်ရသည့် အခြေအနေတို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။
ထို့နောက် မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင့်ကြိုင်က တင်ပြမှုများအပေါ် အကြံပြုဆွေးနွေးပြောကြားပြီး ကိုဗစ်-၁၉ရောဂါထိန်းချုပ်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီစားသောက်ဆိုင်များကို မှာယူစနစ်ဖြင့်ရောင်းချရန်၊ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ရက်သတ္တပတ်(၂)ပတ်ယာယီပိတ်ထားရန်၊ စျေးများကို ဈေးရောင်း၊ ဈေးဝယ်များအနေဖြင့် သတ်မှတ်စည်းကမ်း ချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး ကြပ်မှတ်ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ရောဂါလူနာများကုသပေးနေသည့် ပုလဲဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ သံသယရှိသူ၊အနံပျောက်သူများအား ပေါင်းကူညာဏရပ်ကွက်၊ ဇေကမ္ဘာဝန်းအနီး ဧကတစ်ထောင်အတွင်းရှိ လောင်းတော်မူဘုန်းတော်ကြီးကျောင်း အဆောက်အဦများတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ထားရှိနိုင်ရန်တို့ကို ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ပရဟိတအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မျိုးသန့်