မိုင်းဆတ် ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ယာယီပျံကျဈေး၊ လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များ၊ တည်းခိုခန်းနှင့် ဟိုတယ်များ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီလိုက်နာဆောင်ရွက်ခြင်းရှိ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် ကော်မတီ ဝင်များက ယာယီပျံကျဈေးအတွင်း ဈေးရောင်းချလျက်ရှိသည့်ဈေးသည်များနှင့် ဈေးဝယ်လာသူများ Mask တပ်ဆင်ခြင်းရှိ မရှိစစ်ဆေးခြင်း၊ အောင်လ္ဘက်ရည်ဆိုင်၊ ရွှေစကားလ္ဘက်ရည်ဆိုင်၊ သဇင် လ္ဘက် ရည်ဆိုင်၊ ကျိုင်းတုံ စားသောက်ဆိုင်၊ စိန်ပန်းပြာစားသောက်ဆိုင်နှင့် SO GOOD စားသောက်များသို့ သွားရောက်၍ ဆိုင်ရှေ့တွင် လက်ဆေးဘေစင်နှင့် လက်သန့်ဆေးရည်များ ထားရှိခြင်းရှိ မရှိ၊ ကိုယ်အပူချိန်တိုင်း ကိရိယာများ ထားရှိစစ်ဆေးခြင်းရှိ မရှိ၊ ကိုဗစ်-၁၉ရောဂါ ကျန်းမာရေးအသိ ပညာပေးပိုစတာများကို Customer များမြင်သာ သည့်နေရာများတွင်ကပ်ထားခြင်း ရှိ၊ မရှိ၊ စားပွဲခုံ များ ခင်းကျင်းထားရာတွင် Social Distancing နှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ မရှိ၊ ဆိုင်ပိုင်ရှင်များ အနေဖြင့် နှာခေါင်းစည်း(Mask)၊ မျက်နှာကာ(Face shield)များ တပ်ဆင်ရောင်းချခြင်း ရှိ၊မရှိ စသည် တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ရွှေဟင်္သာမိုတယ်၊ နော်ရှဲတည်းခိုခန်းနှင့် ဇိအုန်ဟိုတယ် သို့သွားရောက်၍ လာရောက် တည်းခိုကြသည့် ဧည့်သည်များနှင့် ဒို့ညီနောင်ယာဉ်လိုင်းဂိတ်ရှိ ခရီးသည်များ၏ ခရီးသွားမှတ်တမ်း၊ နေရပ် လိပ်စာနှင့် ဖုန်းနံပတ်များ မှတ်တမ်းထားခြင်း ရှိ၊မရှိ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော် က ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ရေး တာဝန်ရှိသူတို့အား မှာကြားခဲ့ကြောင်းသိရသည်။
မြင့်မောင်