မိုင်းတုံ ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား(ဖူဆယ်) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီ က မြို့မအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မိုး က ပြိုင်ပွဲဝင် ကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကစားကြစေလိုကြောင်း၊ ချမှတ်ထားသည့် စည်းကမ်းနှင့်အညီ ကစားရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး မိုင်းတုံမြို့နယ် အားကစားနည်းစနစ်မှူး ဦးကျော်သူအေး က အားကစားသမားများကို စည်းကမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသမားများ၏ သစ္စာအဓိဌာန် ရွတ်ဆိုခဲ့ပြီး ပြိုင်ပွဲ ပထမနေ့အဖြစ် DIAMOND-A အသင်းနှင့် နားကောင်းမူအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးဇော်မင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မိုး၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်အားပေးခဲ့ကြပြီး ကလပ်အသင်း(၈)သင်း ပါဝင်သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲအား ဇူလိုင်(၁၂)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဝင်းခိုင်