နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာလေးဦး ထပ်မံတွေ့ရှိ

နမ္မတူ ဇူလိုင် ၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယမန်နေ့ ညပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့လူနာလေးဦး ထပ်မံတွေ့ရှိခဲ့ကြောင်း နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့လူနာလေးဦးမှာ အမျိုးသား(၂)ဦး၊ အမျိုးသမီး (၂)ဦးဖြစ်ပြီး ဇွန်လ (၂၇)ရက်နေ့တွင် ကိုဗစ်-၁၉ပိုးတွေ့ရှိခဲ့သော နမ္မတူရပ်ကွက်၊ နယ်မြေ(၃)မှ ပိုးတွေ့လူနာ (၂)ဦးနှင့် ထိတွေ့ခဲ့၍ (Home Quarantine)ထားရှိထားသော ကိုအောင် (ဆေးဆိုင်)မှ ဖြစ်ပြီး RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ပိုး တွေ့ရှိခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ ပိုးတွေ့ရှိရသော ပိုးတွေ့လူနာ လေးဦးအား မြို့နယ်ပြည်သူ့ဆေးရုံ (Isolation Ward) သို့ ပြောင်းရွှေ့ကာ သီးသန့်ထားရှိ ဆေးကုသပေးလျက်ရှိပြီး ပိုးတွေ့လူနာလေးဦးမှာ ယခုအချိန်ထိ ကျန်းမာရေးကောင်းမွန်လျက် ရှိသည်။

နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့အချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁၉)ဦးရှိပြီဖြစ်ပြီး (၅)ဦးဆေးရုံဆင်းခွင့်ရရှိကာ (၂)ဦးသေဆုံးခဲ့ပြီး (၁၃)ဦးမှာ ပြည့်သူ့ဆေးရုံ သီးသန့်ဆောင်၌ ဆေးကုသလျက်ရှိကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရှိရသည်။

လူမော်