မိုင်းဖြတ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

မိုင်းဖြတ် ဇူလိုင် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရာတွင် လိုအပ် သည့် ရန်ပုံငွေလိုအပ်ချက်များအရ အလှူငွေသော်လည်းကောင်း၊ ရောဂါကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများသော်လည်းကောင်း ပါဝင်လှူဒါန်းနိုင်ရေး၊ မြို့ဝင်မြို့ထွက်များတွင် ကိုဗစ်-၁၉ရောဂါ ကျန်းမာရေးစစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက် သွားမည့်လုပ်ငန်းများ၊ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးထွန်းရွှေက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အလှူငွေများ ပါဝင်လှူဒါန်းနိုင်ရေးနှင့် စပ်လျဉ်း၍ ဖြည့်စွတ်ရှင်လင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့နေပြည်သူများက မြို့နယ်အတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ လိုအပ်ချက်များ၊ ဆောင်ရွက်သင့်သည့်လုပ်ငန်းများ၊ မြို့ဝင် မြို့ထွက်များ၌ ကျန်းမာရေးစစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်ရာတွင် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြောင်း သိရသည်။

သန်းထွန်းအေး