ကချင်ပြည်နယ်လွှတ်တော်မှ ပြည်နယ်စည်ပင်သာယာရေးဥပဒေပါ သားသတ်လုပ်ငန်းနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ပြည်သူ့ကြားနာပွဲကျင်းပ

မြစ်ကြီးနား     သြဂုတ် ၁၁

ကချင်ပြည်နယ်လွှတ်တော်၏ ကချင်ပြည်နယ်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ များပြင်ဆင်နိုင်ရေး အထောက်အကူဖြစ်စေရန် ပြည်သူလူထု၏ သဘောထားနှင့်အကြံဉာဏ်များ ရယူနိုင်ရေးအတွက် ပြည်နယ်လွှတ်တော်၏ရေးရာကော်မတီ (၂)ရပ်နှင့် NDI တို့ ပူးပေါင်းစီစဉ် ကျင်းပသည့်  ပထမဆုံးအကြိမ် အဖြစ် ပြည်သူ့ကြားနာပွဲတစ်ရပ်ကို ယနေ့ နံနက် ၉ နာရီတွင် ပြည်နယ်လွှတ်တော်ရုံး Banquet Hall ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ပြည်သူ့ကြားနာပွဲအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ကော်မတီ (၂)ရပ်ဖြစ်သည့် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နယ်စပ်ရေးရာကော်မတီနှင့် စီးပွားရေးနှင့်လူမှုရေးကဏ္ဍများဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာကော်မတီတို့မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဈေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာကော်မတီတို့မှ ဥက္ကဋ္ဌများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့ကြားနာပွဲတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်က ပြည်သူ့ကြားနာပွဲဆိုသည်မှာ မူဝါဒများ စိစစ်ခြင်းနှင့် ရေးဆွဲချမှတ်ခြင်းအတွက်လည်းကောင်း၊ ကြီးကြပ်ထိန်းညှိခြင်းနှင့်စစ်ဆေးခြင်းတို့ ဆောင်ရွက်ရန်အတွက်လည်းကောင်းလွှတ်တော်ရေးရာအဖွဲ့အစည်းများက အသုံးပြုသည့် သတင်းအချက် ရယူရေး ယန္တရားဖြစ်ကြောင်း၊ ဥပဒေတိုင်းသည် ပြီးပြည့်စုံသည့် ဥပဒေဆိုတာမရှိပါကြောင်း၊ အားနည်းချက်၊ လိုအပ်ချက်များစွာရှိနေမည်ဖြစ်ပြီး ယခုအချိန်သည် ဒီမိုကရေစီခေတ်ကာလကို သွားနေသည့်အတွက် ပြည်သူကို အကျိုးပြုသည့် ဥပဒေများ ပေါ်ထွက်လာရန် များစွာအရေးကြီးပါကြောင်း၊ လွှတ်တော်မှ အတည်ပြုလိုက်သည့် ဥပဒေများသည် ပြည်သူကိုအကျိုးမပြုပါက ပြင်ဆင်မှုများကို လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ယနေ့ ကချင်ပြည်နယ် စည်ပင်သာယာရေးဥပဒေပါ သားသတ်လုပ်ငန်းနှင့် ပတ်သက်၍ ပြည်သူ့ကြားနာပွဲမှ တစ်ဆင့် ပြည်သူလူထု၏ သဘောထားများ၊ အကြံဉာဏ်များရရှိနိုင်မည်ဖြစ်ပြီး ပြည်သူလူထု အတွက် အကျိုးပြုသည့် ပိုမိုကောင်းမွန်သည့် ဥပဒေများပေါ်ထွက်လာမှာ ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့ကြားနာပွဲကျင်းပရေး အဖွဲ့ခေါင်းဆောင်ဦးမြသန်းက ကချင်ပြည်နယ်စည်ပင် သာယာရေးဥပဒေပါ သားသတ်လုပ်ငန်းနှင့်ပတ်သက်၍ ပြည်သူ့ကြားနာပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် အကြံပြုဆွေးနွေးတင်ပြမှုများနှင့် မေးခွန်းမေးမြန်းဆွေးနွေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြား ပြီး မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ ဖားကန့်၊ မိုးကောင်း၊ ဝိုင်းမော်၊ ရွှေကူ၊ မိုးမောက်၊ မံစီ၊ တနိုင်းမြို့နယ်တို့မှ ဈေးကော်မတီနှင့် စည်ပင်ကော်မတီဥက္ကဋ္ဌများ ဈေးများအတွင်း သားသတ်လုပ်ငန်းများနှင့် သား၊ ငါးရောင်းချမှု၊ သန့်ရှင်းသပ်ရပ်စွာ စီမံဆောင်ရွက်မှု၊ ကျန်းမာရေးစစ်ဆေးမှုဆိုင်ရာများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေး တင်ပြမှုများကို ကြားနာခဲ့ကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကြားနာပွဲအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်များက ၂၀၁၃ ခုနှစ်၊ ကချင်ပြည်နယ်စည်ပင် သာယာရေးဥပဒေပါ သားသတ်လုပ်ငန်းနှင့်ပတ်သက်၍ လက်ရှိကျင့်သုံးလျက်ရှိသည့် တင်ဒါစနစ်၊ လေလံစနစ်နှင့် ဈေးပြိုင်စနစ်တို့အပေါ် အားသာချက်၊ အားနည်းချက်များ၊ သားငါးရောင်းချမှုနှင့်ပတ်သက် စာသုံးသူ ပြည်သူတို့၏ တိုင်ကြားစာပေးပို့မှု၊ လက်ခံရရှိမှုနှင့် အရေးယူဆောင်ရွက်နေမှုအပိုင်းများကို သက်ဆိုင်ရာမြို့နယ် များအလိုက် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ကချင်ပြည်နယ်စည်ပင်သာယာရေးဥပဒေသည် ပြည်နယ်လွှတ်တော်မှ  ၂၀၁၃ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဥပဒေပါ သားသတ်လုပ်ငန်းနှင့် ပတ်သက်၍ ပြည်နယ်၏ ဝင်ငွေ ပိုမိုထိရောက်မှန်ကန်စွာရရှိရေး၊ စားသုံးသူများဘေးကင်လုံခြုံရေးနှင့် ဈေးနှုန်းသက်သာရေး၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပိုမိုကောင်းမွန်သည့် နည်းလမ်းများကို ဖော်ထုတ်နိုင်ရေး ပြင်ဆင်နိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ကာ ပြည်သူ့ကြား နာပွဲကို သြဂုတ် ၁၂ ရက်နေ့အထိ (၂)ရက်တာ ကျင်းပ ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)