နမ့်စန်(တ) ဇူလိုင် ၈
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် အစားအသောက်ပြုလုပ်ရောင်းချသည့် ဆိုင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ထုတ်ပြန်ထားသော ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပါဆယ်စနစ် (Take-away) ဖြင့်သာ ရောင်းချစေရေးအတွက် ကွင်းဆင်းစစ်ဆေးပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီ က မြို့နယ်မှတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ မှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်နိုင်စိုး၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ က နမ့်စန်မြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် အစားအသောက်ပြုလုပ်ရောင်းချသည့် ဆိုင်များသို့ ကွင်းဆင်း၍ မြို့နယ်အတွင်း လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေမှု အခြေ အနေနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အစားအသောက် ရောင်းချ သူများအနေဖြင့် ဆိုင်ထိုင်ရောင်းချခြင်းအစား ပါဆယ်စနစ် (Take –away) ဖြင့်သာ ရောင်းချစေရေး တို့ကို အသိပညာပေး ပြောကြားခဲ့သည်။
စားသောက်ဆိုင်များအနေဖြင့် အထက်ပါညွှန်ကြားချက်အတိုင်း လိုက်နာခြင်း ရှိ/မရှိကို သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က နေ့စဉ်ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ပြီး လိုက်နာခြင်းမရှိသည့် ဆိုင်များကို ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)