ချင်းရွှေဟော် ဇူလိုင် ၈
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီက ပြင်ဦးလွင်မြို့နယ်မှပြန်လာသည့် အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့တွင် နေထိုင်သည့် ပိုးတွေ့လူနာ(၇)ဦးတို့အား ကိုဗစ် -၁၉ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ ၎င်း(၇)ဦးတို့ထံတွင် ကိုဗစ်-၁၉ရောဂါ ပိုးထပ်မံတွေ့ရှိခဲ့ကြောင်း ယနေ့ နံနက်ပိုင်းအချိန်က သိရသည်။
အဆိုပါ ပိုးတွေ့ရှိလူနာများအား ဆေးကုသမှုခံယူနိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နှင့် ကော်မတီအဖွဲ့ဝင်များက အမှတ်(၂)ရပ်ကွက်ရှိ မြို့တော်ခန်းမ၊ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာသို့ ပြောင်းရွှေ့ပို့ဆောင်ထားပြီး ၎င်းနှင့် ထိတွေ့ခဲ့ကြသည့် ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကာ အသွားအလာကန့်သတ် စောင့်ကြည့်နိုင်ရန် Home Quarantine ထားရှိပြီး ၎င်းတို့ နေထိုင်သည့် နေရာများအား အသွားအလာ ကန့်သတ်ထား၍ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ချင်းရွှေဟော်မြို့တွင် ဇွန်လ(၂၃)ရက်မှ ယနေ့အချိန်အထိ ကိုဗစ်-၁၉ရောဂါပိုး အတည်ပြု လူနာ(၁၆)ဉီးထိ ရှိပြီဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
ချင်းရွှေဟော် (ပြန်/ဆက်)