စစ်တွေ ဇူလိုင် ၈
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ထိန်းချူပ်ရေးအတွက် အသိပညာ ပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက စုပေါင်းလှုပ်ရှားမှု တစ်ရပ်အနေဖြင့် ယနေ့နံနက်ပိုင်းက စတင်ပြီးဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ထိန်းချူပ်ရေးအတွက် အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပါးစပ်နှင့်နှာ ခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေခြင်းကို စစ်တွေခရိုင်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဉက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ၊ ဦးစိန်မြင့်၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဉက္ကဋ္ဌနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့များမှ ဦးဆောင်ကာ မြို့ပေါ်ရပ်ကွက် ၃၃ ရပ်ကွက်တွင် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ မြို့အဝင်ကားဂိတ်၊ မြို့ပေါ်ရပ်ကွက်များတွင် လူသွားလူလာများသော နေရာများ၊ လူစည်ကားရာနေရာများ၊ ရပ်ကွက်ဖြတ်ကျော်နေရာများ၌ ခရီးသွားပြည်သူများ၊ လမ်းသွားလမ်းလာများနှင့် ပြည်သူများကို ဝန်ဆောင်မှုပေးနေသော အငှားယာဉ်မောင်းများကို အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များကို အခမဲ့ဖြန့်ဝေကြ သည်။
စစ်တွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးခြင်း၊ (Mask)များအခမဲ့ဖြန့်ဝေခြင်းနှင့်ပတ်သက်၍ စစ်တွေမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဉက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ဦးကျော်လွင်က “ကိုဗစ်-၁၉ တတိလှိုင်းက နည်းနည်းထူးခြားနေတယ်ဗျ၊ ထူးခြားတယ်ဆိုတာက ဒီပိုးတွေက ပြင်ပက ကူးစက်လာတာကို မတွေ့ရဘဲနဲ့ ကျနော်တို့အတွင်းထဲမှာကိုဘဲ လူတွေက နေမကောင်းဖြစ်တယ်၊ ဖျားတယ်၊ ဒီလိုဟာမျိုးတွေမှာဘဲ တချို့ရောဂါလက္ခဏာပြလာတာတွေရှိတယ်၊ ဒီလိုဟာမျိုးတွေမှာဘဲ ပိုးစစ်တဲ့အခါမှာတွေ့တယ်၊ ကျနော်တို့က ကျနော်တို့ပတ်ဝန်းကျင်မှာကို ဒီရောဂါပိုးက ရှိနေပြီဆိုပြီး တော့ သုံးသပ်လို့ရပါတယ်ခင်ဗျာ၊ အဲ့ဒါကြောင့် လူတစ်ဦးချင်းတစ်ဦးချင်းက နေပြီးတော့ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာနိုင်မှ ကျနော်တို့ ပြည်သူတွေလည်း အန္တရာယ်ကင်းရှင်းနိုင်မှာဖြစ်ပါတယ်၊ ဒါကြောင့် ကျနော်တို့ ပြည်သူတွေအနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေကို လိုက်နာကြပါ၊ (Mask)တတ်ပါ၊ တစ်ဦးနဲ့တစ်ဦး ခွာခွာနေပါ၊ အိပ်ရေးဝအောင်အိပ်ပါ၊ ကိုယ်ခံအားကောင်းအောင် နေထိုင်ကြပါလို့ အသိပေးချင်ပါတယ်”ဟု ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက် ၃၃ ရပ်ကွက် တွင် (Mask) ၆၀၀၀၀ ကျော်အား ခရီးသွားပြည်သူများ၊ လမ်းသွားလမ်းလာများနှင့် ပြည်သူများကို ဝန်ဆောင်မှုပေးနေသော အငှားယာဉ်မောင်းများကို လူထုလှုပ်ရှားမှု စစ်ဆင်းရေးတစ်ရပ်အနေဖြင့် ဇူလိုင်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
စစ်တွေမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် မေလ ၁၂ ရက်နေ့မှ ဇူလှိုင်လ (၇) ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပို့တွေ့ရှိသူ (၁၅၄)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ရရှိသူ (၈၇)ဦး၊ ဆေးကု သခံယူနေသူ (၆၅)ဦးနှင့် သေဆုံးနှစ်ဦးရှိကြောင်း သိရသည်။
တင်ထွန်း