ဇမ္ဗူသီရိ ဩဂုတ် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးကျော်ငြိမ်းက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြစေ လိုကြောင်း၊ မဲစာရင်းများကြေညာ ထားရှိပြီး ဖြစ်သည့်အတွက် မဲဆန္ဒရှင်များ၏ ဖြည့်စွက်ပြင်ဆင်ခြင်း လုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြစေလိုကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လုပ်ကိုင် ကြစေ လိုကြောင်း ဆွေးနွေးခဲ့ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်မေမဉ္ဇူက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသေးစိတ်ရှင်းလင်း ဆွေးနွေးကာ ဉပဒေ၊ နည်းဉပဒေနှင့် လုပ်ငန်း လမ်းညွှန် စာအုပ်များကို ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲ (၁၄) ဖွဲ့ တို့အား ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲအသီးသီးက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြသည်။ ဇမ္ဗူသီရိမြို့နယ်တွင် ရပ်ကွက် (၁၂) ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၂) အုပ်စုရှိပြီး စုစုပေါင်းမဲရုံ (၄၄) ရုံ လျာထားဆောင်ရွက်လျက်ရှိပြီး မဲဆန္ဒရှင် စုစုပေါင်း ၇၉၇၃၇ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)