အင်းစိန်မြို့နယ်၌ ပြည်သူများ၏ကျန်းမာရေးအတွက် နေ့စဉ်ကြက်ခြေနီအသင်း (အင်းစိန်)မှ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ

 

ရန်ကုန် ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများကျန်းမာရေး ကောင်းမွန်စွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ ပြည်သူများ၏ ကျန်းမာရေးအတွက် ကြက်ခြေနီ အသင်း (အင်းစိန်) မှ တာဝန်ရှိသူများက (၂၄)နာရီ အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ကျောက်ပြားလမ်းရှိ အမျိုးသမီးတစ်ဦး လေဖြတ်ပြီး မူးလဲသဖြင့် ဆေးရုံပို့ပေးရန်  အကူအညီတောင်းခံခြင်းနှင့် ပိန္နဲကုန်းရပ်ကွက်၊ စံကျော်စုတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဗိုက်နာသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးရန် အကူညီ တောင်းခံလာသဖြင့် ယမန်နေ့က ကြက်ခြေနီအသင်း(အင်းစိန်)၊ ဥက္ကဋ္ဌဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် စေတနာ့လုပ်အားရှင်များက လူနာတင်ယာဉ်ကား(၂)စီးဖြင့် အချိန် နှင့်တစ်ပြေးညီ အဆိုပါဖြစ်ပွားသည့်နေရာများသို့ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး သက်ဆိုင်ရာဆေးရုံများသို့  အသီးသီးပို့ဆောင် ပေးခဲ့ ကြောင်းသိရ သည်။

အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း (အင်းစိန်) မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင်ယာဉ်ကား (၂)စီး ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး လစဉ် (၂၁) ရက်နေ့မှ လကုန်အထိ အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွား များကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို