မိုင်းလုံ ဇူလိုင် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အထက်ရပ်ကွက်အတွင်းရှိ ကွန်ကရစ်လမ်း အခင်းပျက်စီးနေသော ပင်လုံလမ်းကို ယနေ့နံနက်(၉)နာရီအချိန်ခန့်တွင် အထက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်က ဦးဆောင်၍ ပြည်သူများမှ ကိုယ်ထူကိုယ်ထပြုပြင်ဆောင်ရွက်ခဲ့သည်။
အဆိုပါလမ်းအခင်းပြုပြင်ခြင်းလုပ်ငန်းကို မိုင်းလုံမြို့အထက်ရပ်ကွက်တွင် နေထိုင်သော ဒေါ်နန်းရှိမိသားစုမှ ငွေ(၄၀၀၀၀၀/-)ကျပ် မတည်၍ ရပ်ကွက်အတွင်းနေထိုင်သော ပြည်သူများမှလည်း မိမိတို့တက်နိုင်သော ငွေအားနှင့်လူအားတို့ကို ပါဝင်ကူညီဆောင်ရွက်ခဲ့သည်။ ထိုသို့ပြုပြင်ဆောင်ရွက်ခြင်းဖြင့် မိုးရာသီတွင် လမ်းသွားလမ်းလာများ အတက်၊အဆင်းလွယ်ကူသွားမည်ဖြစ်၍ ငွေအား၊လူအားပါဝင်ကူညီကြသော ပြည်သူများကို အထက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်မှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းကို ပြုပြင်ဆောင်ရွက်ရန် ဦးဆောင်ခဲ့သော ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ရပ်ကွက်နေပြည်သူများထံမှ ကြားသိခဲ့ရသည်။
မိုင်းလုံ