ကော့မှူးတွင် ပိုးတွေ့လူနာများထားရှိရေး ယာယီဆေးရုံများ ပြင်ဆင်ဆောင်ရွက်

 

ကော့မှူး ဇူလိုင် ၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ပိုးတွေ့လူနာများ ထားရှိကုသနိုင်ရေးအတွက် ယာယီဆေးရုံများ အဖြစ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းကို ယနေနံနက်ကမြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန် ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် ပိုးတွေ့လူနာများထားရှိရန်အတွက် မြို့ကုန်းကျေးရွာ လင်းလွန်းတစ်ထောင်ကျောင်းတိုက် တွင် ( ၅၆ ) ဦး ၊ ဘုရားလမ်းရပ်ကွက် တောရကျောင်းတိုက်တွင် ( ၃၂ )ဦး ၊ အဖျောက်ကျေးရွာအုပ်စု ‌ဇီးကုန်းကျေးရွာရှိ မြနန်းနွယ်ကျောင်းတိုက်တွင်( ၁၀ )ဦး ၊ ပိန္နဲကုန်းကျေးရွာအုပ်စုရှိ ဘာသာလူမှုကုသိုလ်ဌာနတွင် ( ၁၆) ဦး ၊ ကျိုက်‌ ထော်ကျေးရွာ ကျိုက်ထော်ဆေးရုံတွင် ( ၄ )ဦး ၊စုစုပေါင်း ( ၁၁၈ ) ဦးထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာများထားရှိရန် နေရာများသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးထွန်းဇော်မင်းနှင့် အဖွဲ့ဝင်ဦးဝင်းမြင့် ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ် ဖွဲ့မှူး ဦးအောင်ကျော်စိုးတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ သံသယလူနာများ တွေ့ရှိပါက သက်ဆိုင်ရာအုပ် ချုပ်ရေးမှူးအဖွဲ့များ၊ ကျန်းမာရေးဌာနများသို့ သတင်းပေးပို့ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန် အသံချဲ့စက်များ ဖြင့် စဉ်ဆက်မပြတ် နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ကျော်သူရ