ဗန်းမော် ဇူလိုင် ၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်းရေးအတွက် ဗန်းမော်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများက ဗန်းမော်မြို့ပေါ်ရှိ ရပ်ကွက်များသို့ နေ့စဉ် နံနက်ပိုင်းမှ ညနေပိုင်းအထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များအတိုင်း လှည့်လည် အသိပညာပေး လျက်ရှိသည်။
အဆိုပါ အသိပညာပေး ကြေညာချက်တွင် ပြည်သူများအနေဖြင့် ပြည်သူများ အားလုံး (ဝန်ထမ်းများမှအပ) မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အိမ်အပြင်ထွက်ခြင်း မပြုလုပ်ကြရန်၊ မဖြစ်မနေ ဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံ၊ဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင်နှစ်ဦးသာ သွားရောက်ရန်၊ နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/နှာခေါင်းစည်း(Mask)များ တပ်ဆင်ရန်၊ အခြားသူအိမ်သို့ ဧည့်သည်အဖြစ် သွားရောက်ခြင်း၊ ဧည့်သည်အား မိမိနေအိမ်အတွင်းသို့ လက်ခံခြင်းများ မပြုလုပ်ကြရန်၊ လက်ကိုရေနှင့် ဆပ်ပြာအသုံးပြု၍ စက္ကန့်(၂ဝ)ကြာအောင် စနစ်တကျ မကြာခဏဆေးပါ၊ အိမ်တွင်း တွင်သာနေထိုင်ပြီး လူစုလူဝေးရှိရာ နေရာများသို့ မသွားရန်၊ ဧည့်ခံပွဲ အခမ်းအနား များမပြုလုပ် ကြရန်၊ တစ်ခြားသူများနှင့် အနည်းဆုံး(၆)ပေအကွာမှသာ ပြောဆိုဆက်ဆံပါရန်နှင့် ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့ပျောက်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ လက္ခဏာများ ပေါ်ပေါက်လာပါက ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ပြည်သူ့ဆေးရုံကြီးသို့ ချက်ခြင်း ဆက်သွယ်၍ ဆေးစစ်မှု ခံယူကြပါရန် စသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်း ချက်(၁၆)ချက်တို့ကို စောင်းဘောက်ဖြင့် လိုက်လံအသိပေး ကြေညာခဲ့ကြောင်း သိရသည်။
ဗန်းမော်ခရိုင်အတွင်း၌ ဇွန်လ ၂၈ ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့ညအထိ ဗန်းမော်မြို့နယ်တွင် (၉၆)ဦး၊ မိုးမောက်မြို့နယ်တွင် (၆၈)ဦး၊ မန်စီမြို့နယ်တွင် (၃ဝ)ဦး၊ ရွှေကူမြို့နယ်တွင် (၁၂၄)ဦး ဗန်းမော်ခရိုင် အတွင်းတွင် စုစုပေါင်း (၃၁၈)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံခဲ့ရပြီး ယနေ့အထိ သေဆုံးသူ (၂)ဦးရှိခဲ့ကာ ပြည်သူ့ဆေးရုံများတွင် (၃၁၆)ဦးတို့အား ကျန်းမာရေး စစ်ဆေး ကုသပေး လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)