ကျိုင်းတုံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်

ကျိုင်းတုံ ဇူလိုင် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့ဝင်/ မြို့ထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ ဖြတ်သန်းသွားလာကြသော ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခရီးသွားမှတ်တမ်းများကောက်ယူခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများကို ဇူလိုင်လ ၁ ရက်နေ့မှစတင်၌ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၇ နာရီအချိန်ထိ နေ့စဉ်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နေ့အလိုက်တာဝန်ကျ ဌာနဆိုင်ရာအကြီးအကဲများမှ အဖွဲ့ခေါင်းဆောင်အဖြစ် ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ မြို့ဝင်/မြို့ထွက် ကျန်းမာရေးစစ်ဆေးရေး ဂိတ်တွင် ဖြတ်သန်းသွားလာကြသည့် ပြည်သူများအား အပြင်ထွက်ပါက နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်သွားလာကြရန် လက်ကိုမကြာခနဆေးကြောသန့်စင်ပေးရန်နှင့် ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ကြရန် စသည်တို့ကို အသိပညာပေး ပြောကြားပြီး ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုယ်အပူချိန်တိုင်းတာစစ်ဆေးပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုစနစ်တကျဆေးကြောစေခြင်း၊ ရပ်ဝေးမှ လာရောက်သည့် ပြည်သူများအား စနစ်တကျမှတ်တမ်း ရယူခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်လာခြင်းမရှိသောသူ များအား နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် ကျိုင်းတုံမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း လူစည်ကားရာနေရာများ၊ မြို့မဈေးကြီးအတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်များနှင့် စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခြင်း၊ Mask Campaign များဆောင်ရွက်ခြင်း၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန် အသိပေးနှိုးဆော်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲထက်ဦး