နမ့်စန်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂ ဦး သေဆုံး

နမ့်စန်(တ) ဇူလိုင် ၈

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် နမ့်လစ်ကျေးရွာအုပ်စု ၊ ခါနာန်ကျေးရွာနေ အမျိုးသား ၁ ဦးနှင့် ဝမ်ပိန်းကျေးရွာအုပ်စု ၊ ပန်လင်းဆိုင် ကျေးရွာနေ အမျိုးသမီး ၁ ဦး စုစုပေါင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၂ ဦးသည် ယမန်နေ့ ညပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ၂ ဦးသည် ယမန်နေ့ နံနက်ပိုင်း နှင့် နေ့လယ်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူများဖြစ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် ထားရှိကုသထားရာမှ အမျိုးသားဖြစ်သူမှာ ကျန်းမာရေးအခြေအနေအရ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသခဲ့သူဖြစ်ပြီး တောင်ကြီးမြို့တွင် သေဆုံးခဲ့ကြောင်း၊ အမျိုးသမီးမှာ ကျန်းမာရေးအခြေအနေစိုးရိမ်ရသဖြင့် တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်နေစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် နမ့်စန် မြို့တွင် သေဆုံးခဲ့သည့် အဆိုပါ ပိုးတွေ့သေဆုံးသူ၏ Dead body အား နမ့်စန်မြို့ရှိ လူမှုကူညီရေးအသင်းနှင့် နာရေးကူညီမှုအသင်းတို့ ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ နမ့်စန်မြို့ သုဿာန်၌ ညတွင်းချင်း သင်္ဂြိုလ်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရသည်။