ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပင်းတယ ဇူလိုင် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင် က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့်အပိုင်းများ၊ Quarantine Centre အတွက် ထားရှိဆောင်ရွက်ရမည့် နေရာများ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လိုသည့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့အစည်းများရှိပါက ပူးပေါင်းဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်ပါက မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မြို့နယ် ကျန်းမာရေးဌာနမှူး ဒေါက်တာမို့မို့ကြည် က ကိုဗစ်-၁၉ အတည်ပြုလူနာများ တိုးပွားလာခဲ့ပါက လူနာများထားရှိရမည့်နေရာများအတွက် မိုင်းအင်တိုက်နယ်ဆေးရုံနှင့် ပွေးလှတိုက်နယ်ဆေးရုံများတွင် ဆေးကုသမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများတို့က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြပြီး ကျန်းမာရေးဌာနမှ ကျန်းမာရေးအသိပညာပေးပိုစတာများကို ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကော်မတီမှ တာဝန်ရှိသူများက Mask Campaign ကို အပတ်စဉ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)