လင်းခေး ဇူလိုင် ၈
လတ်တလော ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေအရ၊ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ဆိုင်ထိုင်စားသောက်ခြင်းအစား ပါဆယ်စနစ် (Take Away System) ဖြင့်သာ ရောင်းချသွားကြရန် မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီတို့က ကြေညာထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် မျိုးရိုးဗီဇပြောင်းလဲလာသော ရောဂါပိုး (ကူးစက်ပိုး) ဝင်ရောက် ပျံ့နှံ့မှုအား ကြိုတင်ကာကွယ်ရေး၊ ဓာတ်ခွဲစမ်းသပ် အတည်ပြုချက်များအရ သိရှိလာသည့် ကူးစက်ရောဂါအား ထိန်းချုပ်ခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းစဉ်များအား ပိုမိုထိရောက်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားနိုင်ရေးတို့ကို ရည်ရွယ်လျက် စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များကို ယခုကဲ့သို့ ပြုလုပ်ဆောင်ရွက်သွားကြစေရေး ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန၏ ကြော်ငြာစာ၌ ဖော်ပြပါရှိပြီး၊ အဆိုပါထုတ်ပြန်ကြေညာချက်အား ၂၀၂၁ ခုနှစ် ဇူလိုင် ၇ရက်နေ့မှ စတင်လိုက်နာဆောင်ရွက်သွားခြင်း မရှိခဲ့ပါက ရှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းဇော်လတ်