လားရှိုး ဇူလိုင် ၈
လားရှိုးမြို့၌ ကိုဗစ်- ၁၉ ရောဂါများကို RDT,PCR တို့ဖြင့် ကျန်းမာရေးဌာနက စစ်ဆေးခဲ့ရာ ယမန်နေ့အထိ ပိုးတွေ့လူနာပေါင်း (၆၄၁)ဦးရှိကြောင်း သိရသည်။ ဆေးရုံဆင်းသူပေါင်းမှာ (၃၀၇)ဦးရှိနေပြီး PCRဖြင့် စစ်ဆေးထားဆဲ (၁၇၅)ဦးရှိကြောင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့်ကော်မတီ၏ စာရင်းများမှ သိရသည်။
ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်အဆင့်၊ မြို့နယ်အဆင့်ကော်မတီတို့၏ စီစဉ်မှုဖြင့် အဆိုပါလူနာများကို လားရှိုးပြည်သူ့ဆေးရုံကုတင် (၅၀၀)၊ မိုးလုံလေလုံအာကစားရုံ၊ ပညာရေးဒီဂရီကောလိပ်၊ မိုးကုတ်ဝိပဿနာ စောင့်ကြည့်ကုသရေးစင်တာများ၌ လက်ခံကုသပေးလျက်ရှိသည်။
ထို့အပြင် လားရှိုးမြို့ရှိ ပရဟိတလူမှုကူညီရေးအသင်းများကလည်း ကိုဗစ်- ၁၉ ကာကွယ်ကုသ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။
လားရှိုးမြို့ ကမ္ဘောဇ လူမှုကူညီရေးအသင်းမှ ဦးဆောင်ကာ လူမှုကူညီရေးအသင်း (၄)သင်းပါဝင်လျက် ကိုဗစ်- ၁၉ အော်ပရေးရှင်းအဖွဲ့ဖြင့် ကိုဗစ်- ၁၉ အတည်ပြုလူနာများ ကြို/ပို့လုပ်ငန်းများအား လည်းကောင်း၊ သေဆုံးလူနာများအား သင်္ဂြိုလ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်အတည်ပြုသေဆုံးသူများ သယ်ဆောင်သင်္ဂြိုလ်ရာ၌ PPE ဝတ်စုံ တစ်ခေါက်လျင် (၆)စုံခန့် ကုန်ကျနေပြီး တစ်လအတွင်း PPE ဝတ်စုံပေါင်း (၂၀၀)ခန့် ကုန်ကျခဲ့ကာ ယခုအချိန်တွင် ကူညီလုပ်ကိုင်ဆောင်ရွက်နေသော လူမှုကူညီရေးအသင်းများအနေဖြင့် လိုအပ်ချက်များ ရှိလာခဲ့ကြောင်း သိရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စက်သုံးဆီအတွက် လှူဒါန်းပေးလျက်ရှိနေပြီး အလှူရှင်များလှူဒါန်းမှု၊ လားရှိုးပြည်သူ့ဆေးရုံကြီးမှ ထောက်ပံ့မှုတို့ဖြင့် ဆောင်ရွက်နေကာ ယခုကဲ့သို့ ကိုဗစ်- ၁၉ ရောဂါ အချိန်ကြာလာပါက သေဆုံးလူနာများအတွက် ဆောင်ရွက်ရာ၌ လိုအပ်သော PPE ဝတ်စုံများ၊ လက်အိပ်၊ မျက်နှာကာများ၊ နှာခေါင်းစည်းများ လိုအပ်နေပါကြောင်း အဆိုပါလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေသော ကမ္ဘောဇနာရေးနှင့်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းထံမှ သိရသည်။
ဟန်ဌေး